ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ (၇-၁၁-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ လာရောက်ပြီး တက္ကသိုလ်အစည်းအဝေးခန်းမတွင် ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာဆရာမများ နှင့်တွေ့ဆုံရာတွင် သင်ကြားရေးနှင့်စပ်လျဉ်း၍ အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ (Workshop)များ ကျင်းပ၍ သင်ကြားရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဝေးသင်စနစ်သင်ကြားရေးတွင် ဝိဇ္ဇာဘာသာရပ်များအတွက်(Assignment) နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ရာ ပထမတစ်ကြိမ်ကို သတ်မှတ်ထားသည့် အချိန်အတိုင်း ပုံမှန်တင်သွင်းရမည်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကို ကျောင်းသို့ လူကိုယ်တိုင် လာရောက်အတန်းတက်ရောက်၍ သင်ယူမှုနှင့်အတူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မေးခွန်းများထုတ်ရာတွင် ကျောင်းသားကျောင်းသူများ၏ တတ်မြောက်မှုကို ထိရောက်စွာ ဆန်းစစ်အကဲဖြတ်နိုင်ရန် မေးခွန်းများကို စနစ်တကျ ပြင်ဆင်ပြောင်းလဲသွားမည်ဖြစ်သည့်အတွက် ကျောင်းသားများကို ထိရောက်စွာသင်ကြားပြသပေးနိုင်ရေး ဆရာဆရာမများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ အသက်မွေးဝမ်းကြောင်းတွင် မြန်မာစာကို ရေးတတ်၊ ဖတ်တတ်ရုံမျှမကဘဲ စနစ်တကျတတ်မြောက်သွားစေရန်နှင့် မြန်မာစာပေ၏ တန်ဖိုးကို ပိုမိုသိရှိလာစေရန် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ သမိုင်းဘာသာရပ် သင်ကြားရာတွင် အတိတ်သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ကျောင်းသားကျောင်းသူများ နားလည်သဘောပေါက်အောင် သင်ကြားပေးခြင်းဖြင့် မိမိနိုင်ငံနှင့်ဒေသ၏တန်ဖိုးကို သိရှိလာစေမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့်ဒေသကို သေချာစွာ သိရှိမှသာလျှင် မိမိတို့နိုင်ငံကို တန်ဖိုးထားတတ်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှိလာမည်ဖြစ်ပါကြောင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့် မိမိနိုင်ငံအကြောင်းသေချာစွာ လေ့လာထားပြီး နိုင်ငံတကာ Exchange Program များသို့ သွားရောက်သည့်အခါ မိမိနိုင်ငံ အကြောင်း ရဲဝံ့စွာစနစ်တကျရှင်းပြနိုင်သည့် အရည်အချင်းများနှင့် နိုင်ငံချစ်စိတ်များ ပေါ်ပေါက်လာစေရေး သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့၀န်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်ပေါ်တွင် သစ္စာရှိစွာဖြင့် မိမိတို့၏တာဝန်ကို ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်လာစေရေးအတွက် လာမည့်အလုပ်ရုံဆွေးနွေးပွဲများတွင် သင်ကြားရေးနည်းလမ်းများကို ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ အဝေးသင်ကျောင်းသားကျောင်းသူများ အနီးကပ်သင်တန်းသင်ကြားပို့ချနေမှု၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ဘောလုံးအားကစားကွင်း အကြီးစားပြင်ဆင်နေမှု၊ မီတာ ၄၀၀ ပြေးလမ်း ဆောင်ရွက်နေမှုနှင့် ၀န်ထမ်းအိမ်ရာတည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းနှင့် တာဝန်ရှိ သူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပါသည်။