ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တက္ကသိုလ်အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့၏ ဉာဏ်ရည်၊ အာရုံစူးစိုက်မှုနှင့် စစ်တုရင်ကစားစွမ်းရည်များကို အပြိုင်အဆိုင်ထုတ်ဖော်ပြသခဲ့ကြပါသည်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီးမှ စစ်တုရင်အရုပ်အား ကိုယ်တိုင်ရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ဤပြိုင်ပွဲမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများအကြား စည်းလုံးညီညွတ်မှု၊ အားကစားစိတ်ဓာတ်နှင့် ယှဉ်ပြိုင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ အားကစားလှုပ်ရှားမှု အစီအစဉ်ကောင်းတစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

အဆင့်မြင့်ပညာကဏ္ဍ၊ သင်ကြား သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များအား ရှင်းလင်း ဟောပြောပွဲ

နေပြည်တော်ရှိ Naypyitaw State Academy တွင် ဇူလိုင်လ (၁၄)ရက်မှ (၁၅)ရက်ထိ ကျင်းပပြုလုပ်ခဲ့သော အဆင့်မြင့်ပညာကဏ္ဍ၊ သင်ကြား သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များအား ရှင်းလင်း ဟောပြောပွဲကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၄-၈-၂၀၂၆) ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် Digital ပညာရေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ပထဝီဝင်ဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာကြည်လင့် က အဝေးသင်ပညာရေးစနစ်နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပို့ချခဲ့ပြီး ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်စောဦးက အရည်အသွေးအာမခံမှုစနစ် (QA)နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို (၄-၈-၂၀၂၆)ရက်နေ့တွင် ပင်မဆောင်၊ ဘုရားခန်း၌ ကျင်းပခဲ့ပါသည်။ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် သန်လျင်မြို့ အောင်သုခ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ထေရိန္ဒ (အဂ္ဂမဟာပဏ္ဍိတ အဘိဓမ္မာပိဋက မဟာဌာနမှူး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ရန်ကုန်)အမှူးပြုသော ပင့်သံဃာ(၅)ပါးတို့အား ပင့်ဆောင်၍ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် လှူဒါန်းငွေကျပ် စုစုပေါင်း (၃၁)သိန်းအား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဗဟုသုတရရှိစေရန်၊ အဆိုပါဦးစီးဌာန၏ လုပ်ငန်းများနှင့် ဆက်စပ်သော ဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြီးလျှင် အလုပ်အကိုင်များ လျှောက်ထားနိုင်စေရန်နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၄-၇-၂၀၂၆) ရက်နေ့တွင် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကို ကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန […]

နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ Technology and Innovation Support Center(TISC)ဖွင့်ပွဲအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် သုတေသီ ဆရာ၊ ဆရာမများ၊ တီထွင်ဖန်တီးသူများနှင့် ကျောင်းသား၊ ကျောင်းသူများ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာရယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ Technology and Innovation Support Center(TISC) ဖွင့်ပွဲကို (၂၃-၇-၂၀၂၆) ရက်နေ့တွင် ကျောင်းသားနားနေဆောင်(၁)၌ ခေတ္တပါမောက္ခချုပ်က ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ဒုတိယပါမောက္ခချုပ်များ၊ TISC Center တွင် ဦးဆောင် ဆောင်ရွက်မည့် ဆရာ၊ ဆရာမများ၊ သင်ကြား/စီမံ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပါသည်။