
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသော နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ကျောင်းပြီးလျှင် ပြီးချင်း လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် ခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၃-၆-၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair 2026)ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ပြပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုမ္ပဏီ(၆)ခုဖြစ်သော Eager Communications Group Co.,Ltd, SMY Pharmaceutical Co.,Ltd, Myanmar Consumer Enterprise Ltd, City Holding Limited, Green Food Science & Development Co.,Ltd, Ocean Princess Co.,Ltd များမှ တာဝန်ရှိပုဂ္ဂိုလ်များက ကုမ္ပဏီအကြောင်းနှင့် အလုပ်အကိုင် ခေါ်ယူမည့် အခြေအနေနှင့် အခွင့်အလမ်းများအား ရှင်းလင်းဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ကုမ္ပဏီ(၆)ခု၏ ခင်းကျင်းပြသထားသော ပြခန်းများ(Booth)ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လျှောက်ထားလိုသည့် ကုမ္ပဏီများတွင် အလုပ်လျှောက်လွှာဖြည့်သွင်းခြင်းများ၊ အင်တာဗျူး ဖြေဆိုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။







